Memorandum of Association

သင်းဖွဲ့မှတ်တမ်း

၁။ ဤအဖွဲ့၏ အမည်မှာ မြန်မာနိုင်ငံ ဉာဏ်ရည်မသန်စွမ်းသူများ အဖွဲ့ချုပ် (Myanmar Federation of Persons with Intellectual Disabilities-MFPID) ဖြစ်သည်။

၂။   ဤအဖွဲ့ချုပ်အား ဖွဲ့စည်းတည်ထောင်ရခြင်း၏ ရည်ရွယ်ချက်များမှာ…

(က)  မသန်စွမ်းသူများ၏ အခွင့်အရေးများ ဥပဒေပါ မသန်စွမ်းသူများ ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီသို့ သတ်မှတ် သော ကော်မီတီဝင်များအား ရွေးချယ်စေလွှတ်ပေးနိုင်ရန်။

(ခ)   ကုလသမဂ္ဂ မသန်စွမ်းသူများ အခွင့်အရေးများဆိုင်ရာ သဘောတူ စာချုပ်ပါ အချက်များနှင့်အညီ အမျိုးသား ကော်မတီအား ပံ့ပိုး ကူညီနိုင်ရန်။

(ဂ)   အခါအားလျော်စွာ ပြဌာန်းသည့် ဥပဒေများသည် ဉာဏ်ရည် မသန်စွမ်းသူများ၏ အခွင့်အရေးများကို ထည့်သွင်းစဉ်းစားရေးဆွဲ ထားခြင်း ရှိမရှိကိုသော်လည်းကောင်း၊ အမှန်တကယ် အကောင် အထည်ဖော် ဆောင်ရွက်ခြင်း ရှိမရှိကိုသော်လည်းကောင်း၊ စဉ်ဆက်မပြတ် စောင့်ကြည့်အကဲခတ်ရန်။

(ဃ)  အဖွဲ့ချုပ်သည် ဉာဏ်ရည်မသန်စွမ်းသူများ၏ အကျိုးစီးပွား အလို့ငှာ ပေးလှူသော မြန်မာနိုင်ငံ အတွင်းရှိ မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများ၊ အခြားဒေသရှိ ရွှေ့ပြောင်းနိုင်သော ပစ္စည်းများအား ဝယ်ယူခြင်း၊ လက်ခံခြင်း၊ ငှားရမ်းခြင်းဖြစ်စေ၊ အခြားသော နည်းလမ်းဖြင့် ရယူရန်၊ ရောင်းချရန်နှင့် ထိုသို့သော ပစ္စည်းများ အား ဝယ်ယူရန်ငွေကို လက်ခံခြင်းဖြစ်စေ၊ ဉာဏ်ရည်မသန်စွမ်းသူ များ နေထိုင်ရန် အိမ်ယာများ၊ စာသင်ကျောင်းဆောင်များ၊ ဉာဏ်ရည်မသန်စွမ်းသူများ ကျန်းမာလာစေရန် ပြန်လည် ထူထောင်ရေးဆိုင်ရာ အိမ်ယာများ၊   ဉာဏ်ရည်မသန်စွမ်းသူ ဂေဟာများ၊ ရိပ်သာများ၊ သေရည်သေရက် မပါသော အစား အသောက် အခမဲ့ ကျွေးမွေးရေးစခန်း အဆောင်များ၊ ဉာဏ်ရည် မသန်စွမ်းသူများနှင့် ပတ်သက်သော ပညာရေး အဖွဲ့အစည်းများ အကျိုးအလို့ငှာ အသုံးဝင်သော အသိပညာ၊ အတတ်ပညာ သင်ကြားလေ့ကျင့်ရေး၊ အသက်မွေးဝမ်းကြောင်းပညာ သင်ကြား ပေးပြီး အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးရန်၊ ပုံနှိပ် ဖြန့်ချိရေး အတွက်သော်လည်းကောင်း၊ ဉာဏ်ရည်မသန်စွမ်းသူ များအတွက် တည်ထောင်သော စာကြည့်တိုက်များ၊ ပြန်လည် ထူထောင်ရေး ဌာနများ စသည်တို့ကို တည်ထောင်ရန်၊ တည်မြဲ အောင် ထိန်းသိမ်းရန်နှင့် ထိုသို့သော လုပ်ငန်းနှင့် ပစ္စည်းအရပ်ရပ် ကို စီမံခန့်ခွဲရန်နှင့် အသုံးပြုရန်။

(င)   အဖွဲ့ချုပ်မှ ရယူထားသော၊ ပိုင်ဆိုင်သော၊ ငှားရမ်းထားသော မြေများပေါ်တွင် အဆောက်အဦများ ဆောက်လုပ်ရန်နှင့် ပြုပြင် ထိန်းသိမ်းရန်။

(စ)   အဖွဲ့ချုပ်မှ တည်ထောင်အသုံးပြုသော အဆောက်အဦများသည် ဉာဏ်ရည်မသန်စွမ်းသူများ သွားလာလှုပ်ရှား သုံးစွဲမှုကို အဟန့် အတား မဖြစ်စေဘဲ လွယ်ကူချောမွေ့စွာ အသုံးပြုနိုင်ရေးအတွက် လိုအပ်သလို ပြုပြင်ရန်အတွက် ဖြိုဖျက်ခြင်း၊ ပြင်ဆင်ခြင်း၊ မွမ်းမံ ခြင်းအပြင် အဆောက်အဦနှင့် သက်ဆိုင်သော အခြားလုပ်ငန်းများ ကို လုပ်ကိုင်ဆောင်ရွက်နိုင်ရန်။

(ဆ)  အဖွဲ့ချုပ်မှ တာဝန်ပေးသူများ၊ စေခိုင်းသူများ၏ အကျိုးအတွက် ဖြစ်သော အသင်းများကိုသော်လည်းကောင်း၊ ရည်စူးသော အသင်းများကိုသော်လည်းကောင်း၊ ဉာဏ်ရည်မသန်စွမ်းသူများ၏ အကျိုးစီးပွားကို ကန့်သတ်ခြင်း မရှိသော အကျိုးတူ မိတ်ဖက် အဖွဲ့များကိုသော်လည်းကောင်း တည်ထောင်ခြင်းအတွက် ထောက်ပံ့ကူညီရန်။

(ဇ)   အပ်ငွေများကို အတိုးပေး စနစ်ဖြင့်သော်လည်းကောင်း၊ အခြား နည်းလမ်းဖြင့်သော်လည်းကောင်း၊ လက်ခံရန်။

(ဈ)   အထက်တွင် ဖော်ပြခဲ့သော အပြုအမူ၊ ဆောင်ရွက်ချက်များ အားလုံးအတွက်သော်လည်းကောင်း၊ တစိတ်တပိုင်းကိုသော် လည်းကောင်း၊ မိမိတို့ အဖွဲ့ချုပ် အနေဖြင့် တစ်ဖွဲ့တည်းဖြစ်စေ၊ အခြားအဖွဲ့အစည်း၊ ပုဂ္ဂိုလ်များနှင့် ပူးပေါင်း၍ဖြစ်စေ ဆောင်ရွက် ရန်၊ ထို့အပြင် ဖော်ပြပါ ရည်ရွယ်ချက်များ အထမြောက် အောင်မြင်ရေးနှင့် ဆက်စပ်နေသည်ဟုလည်းကောင်း၊ ထိုသို့ အောင်မြင်ရေးကို ထောက်မရာ ရောက်သည်ဟုလည်းကောင်း၊ အဖွဲ့ချုပ်မှ မှတ်ယူသည့် အခြားလုပ်ဆောင်ချက်တို့ကို ဆောင်ရွက် ရန်။

(ည)  အဖွဲ့ချုပ်အား မြန်မာနိုင်ငံ ဥာဏ်ရည်မသန်စွမ်းသူများ အဖွဲ့ချုပ်၏ စည်းမျဉ်းဥပဒေများနှင့်အညီ ထုံးတမ်းတကျ ရွေးချယ် တင်မြောက်သည့် အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းတည်ထောင်ရမည်။ အဖွဲ့ချုပ် အဖွဲ့ဝင်များသည် ပြည်နယ်၊ တိုင်းဒေသကြီး၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများမှ ဉာဏ်ရည်မသန်စွမ်းသူများအား ကိုယ်စားပြုသည့် အောက်ဖော်ပြပါ အသင်းအဖွဲ့များ ဖြစ်စေရ မည်။

(၁)   ဉာဏ်ရည်မသန်စွမ်းသူ အသင်းများ

(၂)    ဉာဏ်ရည်မသန်စွမ်းသူများ အဖွဲ့ချုပ်

 (ဋ)  အဖွဲ့ချုပ်သည်  ရရှိသော ဝင်ငွေများနှင့် ပစ္စည်းများကို ဤသင်းဖွဲ့ မှတ်တမ်းတွင် ဖော်ပြထားသော ရည်ရွယ်ချက်များကို အားပေး ထောက်ပံ့သော ကိစ္စများ အတွက်သာ အသုံးပြုရမည်။ ထို့အပြင် ထိုသို့သော ငွေကြေးနှင့် ပစ္စည်းများ၏ မည်သည့်အစိတ်အပိုင်း ကိုမျှ အဖွဲ့ချုပ်တွင် ပါဝင်ဆောင်ရွက်ဆဲ သို့မဟုတ် ဆောင်ရွက် ခဲ့ဘူးသော ပုဂ္ဂိုလ်များ၊ ထိုပုဂ္ဂိုလ်များမှတဆင့် သို့မဟုတ် ထို ပုဂ္ဂိုလ်များအနက် တစုံတရာ ပုဂ္ဂိုလ်များနှင့် ဆိုင်ရာဆိုင်ခွင့် တောင်းဆိုသော ပုဂ္ဂိုလ်များအား၊ အမြတ်ဝေစုများ အဖြစ်ဖြစ်စေ၊ ဆုငွေအဖြစ်ဖြစ်စေ၊ အမြတ်ငွေအဖြစ်ဖြစ်စေ၊ တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ထုတ်ပေးခြင်း သို့မဟုတ် လွှဲပြောင်းပေးခြင်း မပြုရ။ သို့ရာတွင် အဖွဲ့ချုပ်၏ အရာ ထမ်း၊ အမှုထမ်းများ၊ အဖွဲ့ချုပ် အဖွဲ့ဝင် လူကြီးများအား အဖွဲ့ချုပ် လုပ်ငန်းများကို ဆောင်ရွက်ပေးသည့်အတွက် ချီးမြှင့်သော အခကြေးငွေ၊ လုပ်ခလစာများကို သဘောရိုးဖြင့် ထုတ်ပေးခြင်း ကိစ္စရပ်များတွင် ဤကန့်သတ်ချက်ဖြင့် မသက်ဆိုင်စေရ။

(ဌ)   အဖွဲ့ချုပ်သည် ဆုံးခန်းတိုင် ရောက်သည့်အခါဖြစ်စေ၊ ရုတ်သိမ်း သည့်အခါဖြစ်စေ၊ အဖွဲ့ချုပ်၏ ပေးရန်တာဝန် အရပ်ရပ်ကို ပေးချေ ပြီးသည့်နောက် ကျန်ရှိသော ငွေကြေးနှင့် ပိုင်ဆိုင်မှု အရပ်ရပ်ကို အဖွဲ့ချုပ်နှင့် ရည်ရွယ်ချက် တူညီသော အဖွဲ့သို့ အပ်နှံရမည်။

၃။  ထုံးတမ်းနည်းတကျ ကျင်းပပြုလုပ်သော နှစ်ပတ်လည် ညီလာခံသည် အမြင့်ဆုံး အာဏာရှိသည်။ မည်သည့်ကော်မတီ ကော်မရှင်ကမှ ကန့်သတ်ရုတ်သိမ်းခြင်း မရှိစေရ။